Tuesday, 26 July 2016

ကိုယ်တိုင်းနည်းအခြေခံ

မင်္ဂလာပါရှင်
ဘယ်အင်္ကျီမျိုးမဆိုကိုချုပ်တော့မယ်ဆိုရင်ပထမဆုံးလိုအပ်တာကတော့ အဲဒီအင်္ကျီအတွက်ကိုယ်တိုင်းလိုအပ်ပါတယ်။ ဒါကတော့လူတိုင်းသိပီးသားပါ။ ဝတ်မဲ့သူရဲ့အတိုင်းအတာအနီးစပ်ဆုံးဖြစ်ရပါမယ်။ ဒါကြောင့်မို့ ဘယ်လိုညှပ်ကြမလဲမပြောခင်ကိုယ်တိုင်းယူပုံလေး အရင်ပြောကြရအောင်နော်။
လိုအပ်တာကတော့ပေကြိုးရယ်၊ ခဲတံ ဒါမှမဟုတ် ဘောပင်ရယ် နဲ့ မှတ်စုစာအုပ် ကလေးပါ၊ ဒါတွေကိုဘေးမှာ ထားပြီးစလိုက် ကြရအောင်။  ဒီမှာ တကိုယ်လုံးကိုယ်တိုင်း ယူနည်းကို တခါတည်း ပြောပါရစေ။ တချို့အင်္ကျီတွေအတွက် တချို့အတိုင်းတွေကမလိုအပ်ပါဘူး။ ဒါပေမဲ့လိုအပ်တဲ့အခါသုံးနိုင်အောင်လို့အခု့ကတည်းကကြိုပြထားပါရစေရှင်။ တိုင်းတာတဲ့အခါ ကိုယ်အတိုင်းအတာအနီးစပ်ဆုံးရစေရန်အတွက်ကိုယ်ကျပ်စွပ်ကျယ်နဲ့အသားကပ်ဘောင်းဘီ ဒါမှမဟုတ်ရေကူးအင်္ကျီဝတ်ပြီးတိုင်းတာ တာကတော့အကောင်းဆုံးပါ။


၁။ လည်ပင်း ပတ်လည်  အတိတိုင်းပါ။
၂။ ပခုံး အတိုင်း ကိုတိုင်းတဲ့အခါ လည်ပင်းအခြေကနေ လက်မောင်းဆက်ဆုံ အရိုးထိပဲတိုင်းပါ။ လက်ကို အပေါ်အောက်နဲနဲလေးလှူပ်ရှားကြည့်ရင်ရှာတွေ့ပါလိမ့်မယ်။ တဆက်တည်း ဂျိုင်းပေါက်အတွက်ပတ်လည်ပါတိုင်းပါ။
၃။ ရှေ့ရင်အကျယ်ကိုတိုင်းတဲ့အခါ ရင်အမောက်ဆုံးနေရာ ဂျိုင်းအစပ်နားကနေ ပုံမှာပြထားတဲ့အတိုင်း တိုင်းပါ။
၎။ နောက်ကျောအကျယ်ပါ။ တိုင်းတဲ့အခါပခုံးအစွန်းမှနေ အောက်ကို ၁/၃ ခန့်မှ ဂျိုင်းအစပ်၂ခုကြား အတိုင်း အဖြောင့်တိုင်းပါ။
၅။ ရင်ပတ်လည် ကိုရင်အပြည့်ဆုံးနေရာမှ တပတ်လည်တိုင်းပါ။
၆။ ရင်အောက်ပတ်လည် ကိုတိုင်းတဲ့အခါ ရင်သားအောက် ရင်ညန့်ပတ်လည်ကိုတိုင်းပါ။
၇။ ခါးပတ်လည်တိုင်း ကိုတိုင်းတဲ့အခါ ခါးထောက်လိုက်ပါ။ အဲဒီနေရာဟာ ခါးပတ်လည်အတွက်တိုင်းရမဲ့နေရာပါ။
၈။ နောက်ပုခုံး ကနေ ခါးထိ ကိုယ်ထည်အထိတိုင်းပါ။ကိုယ်ထည်အပေါ်ပိုင်းအရှည်က တဦးနဲ့တဦးမတူတဲ့အတွက် ကိုယ်ရဲ့ကိုယ်တိုင်းအမှန်ဖြစ်ဖို့အင်မတန်အရေးကြီးပါတယ်။
၉။ ရှေ့ပုခုံး ကနေ ခါးထိ ကိုယ်ထည်အတိုင်း။
၁၀။ ရင်အကျ အတိုင်း ကို ပုခုံးကနေ ရင်သားထိပ်အကျထိတိုင်းပါ။
၁၁။ ရင်အကွာအတိုင်းကို ရင်သားထိပ်နှစ်ဖက်အကွာကိုတိုင်းပါ။
၁၂။ လက်အရှည်အတိုင်း ကိုတိုင်းပါက ပုခုံးဆက်ထိပ်မှနေ ပုံတွင်ပါသည့်အတိုင်းခါးမှာလက်ထောက်ပြီးလက်ကောက်ဝတ်အဆစ်ကလေးအထိတိုင်းပါ။
၁၃။ တံတောင်ဆစ်အထိလက်အရှည်။
၁၄။ လက်မောင်းပတ်လည် ကို လက်မောင်းသားအပြည့်ဆုံးနေရာမှတိုင်းပါ။
၁၅။ တင်ပတ်လည် အတိုင်းကိုတိုင်းတဲ့အခါ မှာလည်းတင်အပြည့်ဆုံးနေရာမှတိုင်းပါ။
၁၆။ တင်ကျကို ခါးမှနေပြီး တင် အပြည့် ထိ အရှည်တိုင်းပါ။
၁၇။ ဗိုက်အတိုင်းကို တင်ကျရဲ့တဝက်မှာ ဗိုက်ပတ်ပတ်လည် ကိုတိုင်းပါ။
၁၈။ ဂွအတိုင်းကတော့ ဘောင်းဘီချုပ်တဲ့အခါမှအသုံးပြု့တာများပါတယ်။ တိုင်းပုံကတော့ရှေ့ခါးမှနေပြီး နောက် ထိပေါင်ကြားမှပေကြိုးကိုထဲ့ပြီးတိုင်းရပါတယ်။
၁၉။ ခါးမှခြေမျက်စိထိအရှည်။
၂၀။ ခြေထောက်အရှည် အတွင်း
၂၁။ ပေါင်ပတ်လည်ကို ပေါင်သားအပြည့်ဆုံးနေရာမှနေတိုင်းပါ။
၂၂။ တကောက်ကွေးအရှည် ကို ခါးမှတကောက်ကွေးအထိတိုင်းပါ။
၂၃။ ကိုယ်အရှည်အတိုင်းပါ။
ဒီတပတ်တော့ဒီလောက်ပါပဲနော်။
နောက်တပတ်မှာ  ကိုယ်ထည်အပေါ်ပိုင်းအတွက်အခြေခံပက်တန်ဆွဲပုံကို စကြရအောင်နော်။ အခြေခံပက်တန်ကိုအမျိုးမျိုးအသုံးပြုနိုင်ပါတယ်။ သာမန်ခါးတိုကနေ အင်မတန်လက်ရာမြောက်ပြီးတော်ဝင်နန်းဆန်တဲ့ ဂါဝန်များ မိမိစိတ်ကူးစိတ်သန်းကွန့်မြူးသလိုဖန်တီးနိုင်ပါတယ်။